အစိုးရဌာန၊ အဖွဲ့အစည်းများ၏ တည်ဆောက်ခြင်း၊ ပစ္စည်းဝယ်ယူခြင်း၊ ဝန်ဆောင်မှု ရယူခြင်း၊ ငှားရမ်းခြင်းနှင့် ရောင်းချခြင်းများ ဆောင်ရွက်ရာတွင် လိုက်နာရမည့် တင်ဒါလုပ်ထုံးလုပ်နည်း − ယခင်နိုင်ငံတော်သမ္မတရုံး၏ ညွှန်ကြားချက်အမှတ် (၁/၂၀၁၇ )
အစိုးရဌာန၊ အဖွဲ့အစည်းများ၏ တည်ဆောက်ခြင်း၊ ပစ္စည်းဝယ်ယူခြင်း၊ ဝန်ဆောင်မှုရယူခြင်း၊ ငှားရမ်းခြင်းနှင့် ရောင်းချခြင်းများဆောင်ရွက်ရာတွင် လိုက်နာရမည့် တင်ဒါလုပ်ထုံးလုပ်နည်းကို ၁၀−၄−၂၀၁၇ ရက်နေ့တွင် ထုတ်ပြန်ခဲ့ပါသည်။ ပြည်ထောင်စု၊ တိုင်းဒေသကြီးနှင့် ပြည်နယ်အစိုးရဌာန၊ အဖွဲ့အစည်းများအနေဖြင့် တင်ဒါများအား ဆောင်ရွက်ခွင့်ပြုရာတွင် နိုင်ငံတော်၏ဘဏ္ဍာရန်ပုံငွေများ လေလွင့်ဆုံးရှုံးမှုမရှိစေရန်၊ အဂတိလိုက်စားမှုများမရှိစေရန်၊ တင်ဒါကို တစ်ဦးတစ်ယောက်ကဖြစ်စေ၊ အစုအဖွဲ့ကဖြစ်စေ၊ လက်ဝါးကြီးအုပ်ရယူခြင်း၊ ဈေးကစားခြင်းများ မဖြစ်စေဘဲမှန်ကန်မျှတသော ယှဉ်ပြိုင်မှုဖြစ်စေရန်၊ ပွင့်လင်းမြင်သာမှု၊ တာဝန်ယူမှု၊ တာဝန်ခံမှုရှိရန်၊ နိုင်ငံတော်နှင့်အများပြည်သူအတွက် ထိရောက်အကျိုးရှိသည့် တည်ဆောက်ခြင်း၊ ပစ္စည်းဝယ်ယူခြင်း၊ ဝန်ဆောင်မှုရယူခြင်း၊ ငှားရမ်းခြင်းနှင့်ရောင်းချခြင်းများဖြစ်ရန်ရည်ရွယ်၍ ဤလုပ်ထုံးလုပ်နည်းကို ထုတ်ပြန်ခြင်းဖြစ်ပါသည်။