ဂျပန်အပြည်ပြည်ဆိုင်ရာပူးပေါင်းဆောင်ရွက်ရေးအေဂျင်စီ (JICA) ထံမှ မြန်မာနိုင်ငံ၏ ဖွံ့ဖြိုးရေး စီမံကိန်း (၄) ခုအတွက် ဂျပန်ယန်း ၁၁၇.၀၄ ဘီလီယံရယူရန် နှစ်နိုင်ငံအစိုးရအကြားလဲလှယ်မှု စာချွန်လွှာ (Exchange of Notes) နှင့် ချေးငွေစာချုပ်များ လက်မှတ်ရေးထိုးပွဲအခမ်းအနား ကျင်းပခြင်း (၂၉-၃-၂၀၁၈)


ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ၏ ဖွံ့ဖြိုးရေးစီမံကိန်းများဖြစ်သည့် အသေးစားနှင့် အလတ်စားစီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်မှုစီမံကိန်း အဆင့်-၂၊ အိမ်ရာဖွံ့ဖြိုးရေးစီမံကိန်း၊ စိုက်ပျိုးရေးဆိုင်ရာဝင်ငွေကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးစီမံကိန်းနှင့် ရန်ကုန်-မန္တလေး ရထားလမ်းအဆင့် မြှင့်တင်ရေးစီမံကိန်း အဆင့်-၂(အပိုင်း-၁) စီမံကိန်းများအတွက် ဂျပန်နိုင်ငံမှပေးအပ်သည့် တရားဝင်ဖွံ့ဖြိုးမှုချေးငွေ (Official Development Assistant loan) စုစုပေါင်း ဂျပန်ယန်း ၁၁၇.၀၄ ဘီလီယံ အားရယူရန် နှစ်နိုင်ငံအစိုးရအကြား လဲလှယ်မှုစာချွန်လွှာ (Exchange of Notes) နှင့် ချေးငွေစာချုပ်များ လက်မှတ်ရေးထိုးပွဲအခမ်းအနားကို နေပြည်တော်ရှိ စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန၊ ရုံးအမှတ် (၂၆) တွင် ၂၀၁၈ ခုနှစ်၊ မတ်လ (၂၉) ရက်နေ့၊ နံနက် (၉:၃၀) နာရီတွင် ကျင်းပပြုလုပ်ခဲ့ပါသည်။

အဆိုပါချေးငွေများအတွက် စည်းကမ်းချက်များမှာ အတိုးနှုန်း တစ်နှစ်လျှင် ၀.၀၁%၊ ဆိုင်းငံ့ ကာလ (၁၀) နှစ်နှင့် ပြန်ဆပ်ကာလ (၃၀) နှစ်၊ စုစုပေါင်းချေးငွေသက်တမ်း (၄၀) နှစ် ဖြစ်ပါ သည်။ ယင်းချေးငွေများရယူရန် လဲလှယ်မှုစာချွန်လွှာကို မြန်မာနိုင်ငံအစိုးရကိုယ်စား စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးမောင်မောင်ဝင်းနှင့် ဂျပန်နိုင်ငံအစိုးရကိုယ်စား ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်ဆိုင်ရာ ဂျပန်သံရုံးယာယီတာဝန်ခံ မစ်တိုမိုကိုယိုရှီဟီရိုတို့ကလည်းကောင်း၊  ချေးငွေစာချုပ်များကို စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာနကိုယ်စား  ငွေတိုက်ဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဒေါ်စီစီပြုံးနှင့် ဂျပန်နိုင်ငံအစိုးရကိုယ်စား ဂျပန်အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးအေဂျင်စီ မြန်မာနိုင်ငံရုံးခွဲအကြီးအကဲ မာဆာယုကိကာရာဆာဝါတို့ကလည်းကောင်း အသီးသီးလက်မှတ်ရေးထိုးခဲ့ကြပါသည်။

လယ်ယာကဏ္ဍဖွံ့ဖြိုးရေး၊ အသေးစားနှင့် အလတ်စားစီးပွားရေးလုပ်ငန်းများ (SMEs) ဖွံ့ဖြိုးတိုးတက်ရေး၊ မြန်မာနိုင်ငံ၏လယ်ယာကဏ္ဍဖွံ့ဖြိုးတိုးတက်စေရေး၊ ရန်ကုန်-မန္တလေးမီးရထားလမ်း လွယ်ကူချောမွေ့စေရေးတို့အတွက် ယခုကဲ့သို့ ဂျပန်နိုင်ငံအစိုးရက ဘဏ္ဍာငွေဖြည့်ဆည်းပေးခြင်း ဖြစ်ပါသည်။