ကမ္ဘာ့ဘဏ်ထံမှ ချေးငွေ အမေရိကန်ဒေါ်လာ ၁၀၀ သန်း ရယူရန် စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာနကိုယ်စား ငွေတိုက်ဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်နှင့် ကမ္ဘာ့ဘဏ်တို့အကြား ချေးငွေစာချုပ် လက်မှတ်ရေးထိုးပွဲကျင်းပခြင်း (၁၁-၄-၂၀၁၇)
စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာနနှင့် မြန်မာနိုင်ငံတော်ဗဟိုဘဏ်တို့မှ အကောင်အထည်ဖော်ဆောင်ရွက်မည့် မြန်မာနိုင်ငံငွေရေးကြေးရေးကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးစီမံကိန်း (Myanmar Financial Sector Development Project) အတွက် ကမ္ဘာ့ဘဏ်မှ ပေးအပ်သည့် အမေရိကန်ဒေါ်လာ ၁၀၀ သန်းရယူရန် လက်မှတ်ရေးထိုးပွဲအခမ်းအနားကို နေပြည်တော်ရှိ Kempiski Hotle၊ သံလွင်ခန်းမ၌ ၂၀၁၇ ခုနှစ်၊ ဧပြီလ (၁၁) ရက်နေ့၊ နံနက် (၁၁:၀၀) ချိန်တွင် ကျင်းပပြုလုပ်ခဲ့ပါသည်။
အဆိုပါချေးငွေ၏ ချေးငွေဆိုင်ရာစည်းကမ်းချက်များမှာ ဆိုင်းငံ့ကာလ (၆) နှစ်၊ ပြန်ဆပ်ကာလ (၃၂)နှစ်၊ စုစုပေါင်း(၃၈)နှစ်ဖြစ်ပါသည်။ ဝန်ဆောင်ခမှာ တစ်နှစ်လျှင် ၀.၇၅ % ဖြစ်ပါသည်။ ယင်းချေးငွေရယူရန် စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာနကိုယ်စား ငွေတိုက်ဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်နှင့် ကမ္ဘာ့ဘဏ်တို့အကြား ချေးငွေစာချုပ်အား ၁၁-၄-၂၀၁၇ ရက်နေ့တွင် လက်မှတ်ရေးထိုးခဲ့ပါသည်။
အဆိုပါစီမံကိန်းအား ဆောင်ရွက်ခြင်းဖြင့် မြန်မာနိုင်ငံတွင် တရားဝင်ငွေကြေးဝန်ဆောင်မှုများကို အရွယ်ရောက်ပြီးသူဦးရေ ၃၀% သာရရှိခံစားနိုင်ခြင်း၊ ကျေးလက်ဒေသဖွံ့ဖြိုးရေး၊ ဆင်းရဲမှုလျှော့ချရေးနှင့် စိုက်ပျိုးရေးကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးအတွက် ချေးငွေအပါအဝင် ငွေကြေးဝန်ဆောင်မှုများရရှိမှု အကန့်အသတ်များရှိနေခြင်း၊ ငွေရေးကြေးရေးကဏ္ဍဖွံ့ဖြိုးတိုးတက်စေခြင်းဖြင့် နိုင်ငံတော်၏ စီးပွားရေးစွမ်းဆောင်နိုင်မှုကို မြင့်မားလာစေမည်ဖြစ်ခြင်း၊ ယှဉ်ပြိုင်နိုင်စွမ်းရှိပြီး ဈေးကွက်အခြေပြုဘဏ်လုပ်ငန်းဝန်ဆောင်မှုကဏ္ဍ ပေါ်ထွန်းလာခြင်းဖြင့် စီးပွားရေးတည်ငြိမ်မှုနှင့် ရေရှည်ဖွံ့ဖြိုးတိုးတက်မှုကို အထောက်အကူဖြစ်စေခြင်း၊ အားလုံးပါဝင်ဆောင်ရွက်နိုင်မည့် ငွေရေးကြေးရေးကဏ္ဍ (Financial Inclusion) ဝန်ဆောင်မှုအစီအစဉ်အတွက် အထောက်အပံ့ပြုနိုင်ခြင်းစသည့်အကျိုးကျေးဇူးများရရှိနိုင်မည်ဖြစ်ပါသည်။