အာရှဖွံ့ဖြိုးရေးဘဏ် (ADB) ထံမှ ချေးငွေ အမေရိကန်ဒေါ်လာ ၄၀.၅ သန်းနှင့် ထောက်ပံ့ငွေ အမေရိကန်ဒေါ်လာ ၂၂ သန်း ရယူရန် စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာနကိုယ်စား ငွေတိုက်ဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်နှင့် အာရှဖွံ့ဖြိုးရေးဘဏ် (ADB) တို့အကြား ချေးငွေစာချုပ်များ လက်မှတ်ရေးထိုးပွဲအခမ်းအနားကျင်းပခြင်း (၆-၁၁-၂၀၁၈)
စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာနက မကွေးတိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီးနှင့် စစ်ကိုင်းတိုင်းဒေသကြီးတို့တွင် အကောင်အထည်ဖော်ဆောင်ရွက်မည်ဖြစ်သည့် ရာသီဥတုနှင့်လိုက်လျောညီထွေဖြစ်စေမည့် စိုက်ပျိုးစီးပွားရေးလုပ်ငန်းဆိုင်ရာတန်ဖိုးကွင်းဆက်စီမံကိန်း (Climate Friendly Agribusiness Value Chains Sector Project) အကောင်အထည်ဖော်ဆောင်ရွက်ရန်အတွက် အာရှဖွံ့ဖြိုးရေးဘဏ် (ADB) ထံမှ ချေးငွေ အမေရိကန်ဒေါ်လာ ၄၀.၅ သန်း နှင့်ထောက်ပံ့ငွေ အမရိကန်ဒေါ်လာ ၂၂ သန်းရယူရန် ချေးငွေစာချုပ်နှင့် ထောက်ပံ့ငွေစာချုပ် လက်မှတ်ရေးထိုးပွဲအခမ်းအနားကို နေပြည်တော်ရှိ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန၊ ရုံးအမှတ် (၁၅) တွင် ၂၀၁၈ ခုနှစ်၊ နိုဝင်ဘာလ (၆) ရက်နေ့၊ နံနက် (၁၀:၀၀) နာရီတွင် ကျင်းပပြုလုပ်ခဲ့ပါသည်။
အဆိုပါချေးငွေ၏ ချေးငွေဆိုင်ရာစည်းကမ်းချက်များမှာ ဆိုင်းငံ့ကာလ (၈) နှစ်၊ ပြန်ဆပ်ကာလ (၂၄) နှစ် စုစုပေါင်းချေးငွေသက်တမ်းမှာ (၃၂) နှစ် ဖြစ်ပါသည်။ အတိုးနှုန်းမှာ ဆိုင်းငံ့ကာလအတွင်း တစ်နှစ်လျှင် ၁% နှင့် ပြန်ဆပ်ကာလအတွင်း တစ်နှစ်လျှင် ၁.၅ % ဖြစ်ပါသည်။ ချေးငွေစာချုပ်နှင့် ထောက်ပံ့ငွေစာချုပ်အား ၆-၁၁-၂၀၁၈ ရက်နေ့တွင် စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာနကိုယ်စား ငွေတိုက်ဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်နှင့် အာရှဖွံ့ဖြိုးရေးဘဏ် (ADB) တို့အကြား လက်မှတ်ရေးထိုးခဲ့ပါသည်။
မြန်မာနိုင်ငံအလယ်ပိုင်း အပူပိုင်းဇုန်ရှိ စိုက်ပျိုးရေးဆိုင်ရာတန်ဖိုးကွင်းဆက်များရှိ အရေးကြီးသောအခြေခံအဆောက်အအုံများ၏ ရာသီဥတုဒဏ်မှ ကြံ့ကြံ့ခံနိုင်မှုတိုးတက်စေရန်၊ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာနနှင့် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနတို့တွင် စိုက်ပျိုးရေးထွက်ကုန်များ၏ အရည်အသွေးနှင့်ဘေးအန္တရာယ်ကင်းရှင်းစေရေး စမ်းသပ်စစ်ဆေးသည့် စွမ်းဆောင်ရည်တိုးမြှင့်လာစေရန်၊ တောင်သူများ၊ ဌာနဆိုင်ရာဝန်ထမ်းများနှင့် ပုဂ္ဂလိကကဏ္ဍတို့၏ ရာသီဥတုပြောင်းလဲမှုနှင့် လိုက်လျောညီထွေရှိစေမည့် စိုက်ပျိုးထုတ်လုပ်မှုအလေ့အကျင့်များ၊ နည်းပညာများနှင့်စပ်လျဉ်းသည့် စွမ်းဆောင်ရည်များ ပိုမိုအားကောင်းလာစေရန်နှင့် ရာသီဥတုနှင့်လိုက်လျောညီထွေရှိသည့် စိုက်ပျိုးစီးပွားရေးလုပ်ငန်းများအတွက် မူဝါဒဆိုင်ရာ ပတ်ဝန်းကျင်အခြေအနေကောင်းများ ပေါ်ထွန်းလာရေးကို တိုးမြှင့်ဆောင်ရွက်ရန် ရည်ရွယ်ခြင်းဖြစ်ပါသည်။