ငွေတိုက်ဦးစီးဌာန၏ (၁၂)နှစ်ပြည့် နှစ်ပတ်လည်အခမ်းအနားကျင်းပခြင်း (၁-၉-၂၀၂၆)
ငွေတိုက်ဦးစီးဌာနအား ၁-၉-၂၀၁၄ ရက်နေ့မှစ၍ စတင်ဖွင့်လှစ်ခဲ့ရာ ၁-၉-၂၀၂၆ ရက်နေ့တွင် (၁၂)နှစ်ပြည့်မြောက်ပြီဖြစ်ပါ၍ “ငွေတိုက်ဦးစီးဌာန၏ (၁၂)နှစ်ပြည့် နှစ်ပတ်လည် အထိမ်းအမှတ်” အဖြစ် ဘဏ္ဍာရေးနှင့်အခွန်ဝန်ကြီးဌာန၊ ရုံးအမှတ်(၃၄)အစည်းအဝေးခန်းမတွင် ညွှန်ကြားရေးမှူးချုပ် ဒေါ်စီစီပြုံးနှင့် ဝန်ထမ်းများက သံဃာတော်များအား ဝါဆိုသင်္ကန်းနှင့် လှူဖွယ်ပစ္စည်းများ ဆက်ကပ်လှူဒါန်းခြင်းနှင့် အန္တရာယ်ကင်းပရိတ်တရားတော်များ နာယူခြင်းတို့အား မြတ်နိဗ္ဗာန်ကို ရည်မှန်း၍ ရေစက်သွန်းချအမျှပေးဝေခဲ့ပါသည်။
ဆက်လက်၍ ၁-၉-၂၀၂၅ ရက်နေ့မှ ၃၁-၈-၂၀၂၆ ရက်နေ့အထိ တစ်နှစ်တာကာလအတွင်း ဝန်ကြီးဌာနအဆင့်သင်တန်းများ၊ နိုင်ငံတော်အဆင့်ပြိုင်ပွဲ၊ နိုင်ငံ့ဝန်ထမ်းတက္ကသိုလ်တို့တွင် ထူးချွန်ဆုများ ရရှိခဲ့ကြသည့် ဝန်ထမ်းများနှင့် တက္ကသိုလ်ဝင်တန်းစာမေးပွဲ၌ ဂုဏ်ထူးရ ကျောင်းသား (၁)ဦးအား ဂုဏ်ပြုဆုချီးမြှင့်သည့်အခမ်းအနား ဆက်လက်ကျင်းပခဲ့ရာ ဒီဂျစ်တယ်ဖွံ့ဖြိုးတိုးတက်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာနမှ ဖွင့်လှစ်သော Linnux Foundation သင်တန်းတွင် ပထမဆု နှင့် Data Analysis and Visualization with Python သင်တန်းတွင် ပထမဆုရရှိခဲ့သည့် စိစစ်ရေးမှူး-၂ ဒေါ်နွေးနွေး(၂)အား လည်းကောင်း၊ ၂၀၂၅ခုနှစ်၊ ဒီဇင်ဘာလ(၃)ရက်နေ့တွင် ကျရောက်သည့် အပြည်ပြည်ဆိုင်ရာမသန်စွမ်းသူများနေ့ အထိမ်းအမှတ် အလွတ်တန်းဆောင်းပါးပြိုင်ပွဲတွင် ဒုတိယဆု ရရှိခဲ့သည့် စိစစ်ရေးမှူး-၂ ဦးညီသီဟဇော်အား လည်းကောင်း၊ နိုင်ငံ့ဝန်ထမ်းတက္ကသိုလ်တွင် စာပေထူးချွန်ဆု ရရှိခဲ့သည့် ဦးစီးအရာရှိ ဦးရဲကိုကိုထွန်းအား လည်းကောင်း၊ ၂၀၂၅-၂၀၂၆ ပညာသင်နှစ်တွင် တက္ကသိုလ်ဝင်တန်းစာမေးပွဲ၌ ဂုဏ်ထူးနှစ်ဘာသာဖြင့် အောင်မြင်ခဲ့သည့် ဒုတိယညွှန်ကြားရေးမှူး ဦးကျော်စွာအေး၏သား မောင်အောင်ခန့်ကျော်အား လည်းကောင်း ဂုဏ်ပြုဆုများ ချီးမြှင့်ခဲ့ပါသည်။ ထို့နောက် ဝန်ထမ်းများအား ငွေတိုက်ဦးစီးဌာန(၁၂)နှစ်ပြည့် နှစ်ပတ်လည် အထိမ်းအမှတ်လက်ဆောင်များ ပေးအပ်ခြင်းနှင့် ကံစမ်းမဲဖောက်ခြင်းတို့ကို ပျော်ရွှင်စွာ ကျင်းပခဲ့ပါသည်။