မဟာဓာတ်အားလိုင်းပြင်ပ အမျိုးသားလျှပ်စစ်ဓာတ်အားရရှိရေးစီမံကိန်း ဆောင်ရွက်ရန်အတွက် အီတလီနိုင်ငံမှ အတိုးမဲ့ချေးငွေရယူရေးဆိုင်ရာ ချေးငွေစာချုပ်အား လက်မှတ်ရေးထိုးခြင်း (၂၃-၅-၂၀၁၉)
စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန၊ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက အကောင်အထည်ဖော်ဆောင်ရွက်မည့် မဟာဓာတ်အားလိုင်းပြင်ပအမျိုးသားလျှပ်စစ်ဓာတ်အား ရရှိရေးစီမံကိန်းအတွက် အီတလီနိုင်ငံမှ ပေးအပ်သည့်အတိုးမဲ့ချေးငွေ ယူရို ၃၀ သန်းရယူရန် ချေးငွေစာချုပ်ကို စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာနကိုယ်စား ငွေတိုက်ဦးစီးဌာနနှင့် အီတလီနိုင်ငံအစိုးရတို့အကြား နေပြည်တော်ရှိ ရုံးအမှတ် (၃၄)၊ စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန၊ ငွေတိုက်ဦးစီးဌာန၌ ၂၃-၅-၂၀၁၉ ရက်နေ့တွင် လက်မှတ်ရေးထိုးခဲ့ပါသည်။
အဆိုပါချေးငွေ၏ ချေးငွေဆိုင်ရာစည်းကမ်းချက်များမှာ ဆိုင်းငံ့ကာလ (၁၈) နှစ်၊ ပြန်ဆပ်ကာလ (၁၀) နှစ်၊ စုစုပေါင်းချေးငွေသက်တမ်းမှာ (၂၈) နှစ် ဖြစ်ပါသည်။ အတိုးနှုန်းမှာ ၀% ဖြစ်ပြီး နောက်ကျ ကြေးအဖြစ် ၀.၁% ပေးချေရမည် ဖြစ်ပါသည်။
မဟာဓာတ်အားလိုင်းပြင်ပ အမျိုးသားလျှပ်စစ်ဓာတ်အားရရှိရေးစီမံကိန်း ဆောင်ရွက်ခြင်းဖြင့် အိမ်ထောင်စုများအတွက် Solar Photovolataic စနစ် သို့မဟုတ် တစ်အိမ်သုံးဆိုလာစနစ်ဖြင့် ဆောင်ရွက်ပေးနိုင်ခြင်း၊ အိမ်ထောင်စုများသို့ အသေးစားဓာတ်အားလိုင်းများ သွယ်တန်းပေးနိုင်ခြင်း၊ ကျန်းမာရေးဆေးပေးခန်းများ၊ ကျောင်းများနှင့် အခြားလူထုအဆောက်အဉီများအတွက် လျှပ်စစ်မီးများသွယ်တန်းပေးနိုင်ခြင်း၊ လမ်းမီးများသွယ်တန်းပေးနိုင်ခြင်းဖြင့် နောင် ၁၀ နှစ်နှင့် ၁၀ နှစ်အထက် တွင် မဟာဓာတ်အားလိုင်းမရောက်ရှိနိုင်သော ချင်းပြည်နယ်နှင့်အနီးတစ်ဝိုက်ရှိ ဝေးလံခေါင်ပါးဒေသများတွင် နေထိုင်ကြသော ပြည်သူလူထုများကို အကျိုးပြုနိုင်ခြင်းစသည့်အကျိုးကျေးဇူးများ ရရှိမည်ဖြစ်ပါသည်။