မဟာဓာတ်အားလိုင်းပြင်ပ အမျိုးသားလျှပ်စစ်ဓာတ်အားရရှိရေးစီမံကိန်း ဆောင်ရွက်ရန်အတွက် အီတလီနိုင်ငံမှ အတိုးမဲ့ချေးငွေရယူရေးဆိုင်ရာ ချေးငွေစာချုပ်အား လက်မှတ်ရေးထိုးခြင်း (၂၃-၅-၂၀၁၉)


စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန၊ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက အကောင်အထည်ဖော်ဆောင်ရွက်မည့် မဟာဓာတ်အားလိုင်းပြင်ပအမျိုးသားလျှပ်စစ်ဓာတ်အားရရှိရေးစီမံကိန်းအတွက် အီတလီနိုင်ငံမှ ပေးအပ်သည့်အတိုးမဲ့ချေးငွေ ယူရို ၃၀ သန်းရယူရန် ချေးငွေစာချုပ်ကို စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာနကိုယ်စား ငွေတိုက်ဦးစီးဌာနနှင့် အီတလီနိုင်ငံအစိုးရတို့အကြား စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန၊ ငွေတိုက်ဦးစီးဌာန၊ ရုံးအမှတ် (၃၄)၊ နေပြည်တော်၌ ၂၃-၅-၂၀၁၉ ရက်နေ့တွင် လက်မှတ်ရေးထိုးခဲ့ပါသည်။

အဆိုပါချေးငွေ၏ ချေးငွေဆိုင်ရာစည်းကမ်းချက်များမှာ ဆိုင်းငံ့ကာလ (၁၈) နှစ်၊ ပြန်ဆပ်ကာလ (၁၀) နှစ်၊ စုစုပေါင်းချေးငွေသက်တမ်းမှာ (၂၈) နှစ် ဖြစ်ပါသည်။ အတိုးနှုန်းမှာ ၀% ဖြစ်ပြီး နောက်ကျ ကြေးအဖြစ် ၀.၁% ပေးချေရမည် ဖြစ်ပါသည်။

မဟာဓာတ်အားလိုင်းပြင်ပအမျိုးသားလျှပ်စစ်ဓာတ်အားရရှိရေးစီမံကိန်း ဆောင်ရွက်ခြင်းဖြင့် အိမ်ထောင်စုများအတွက် Solar Photovolataic စနစ် သို့မဟုတ် တစ်အိမ်သုံးဆိုလာစနစ်ဖြင့် ဆောင်ရွက်ပေးနိုင်ခြင်း၊ အိမ်ထောင်စုများသို့ အသေးစားဓာတ်အားလိုင်းများ သွယ်တန်းပေးနိုင်ခြင်း၊ ကျန်းမာရေးဆေးပေးခန်းများ၊ ကျောင်းများနှင့် အခြားလူထုအဆောက်အဦများအတွက် လျှပ်စစ်မီးများသွယ်တန်းပေးနိုင်ခြင်း၊ လမ်းမီးများသွယ်တန်းပေးနိုင်ခြင်းဖြင့် နောင် (၁၀) နှစ်နှင့် (၁၀) နှစ်အထက်တွင် မဟာဓာတ်အားလိုင်းမရောက်ရှိနိုင်သော ချင်းပြည်နယ်နှင့်အနီးတစ်ဝိုက်ရှိ ဝေးလံခေါင်ပါးဒေသများတွင် နေထိုင်ကြသော ပြည်သူလူထုများကို အကျိုးပြုနိုင်ခြင်းစသည့်အကျိုးကျေးဇူးများ ရရှိမည်ဖြစ်ပါသည်။