ဂျာမနီနိုင်ငံ KfW Development Bank ထံမှ ချေးငွေ ယူရို ၅၀ သန်း ရယူရန် စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာနကိုယ်စား ငွေတိုက်ဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်နှင့် ဂျာမနီနိုင်ငံ KfW Development Bank တို့အကြား ချေးငွေစာချုပ်များ လက်မှတ်ရေးထိုးပွဲအခမ်းအနားကျင်းပခြင်း (၂၁-၉-၂၀၁၇)
လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန၊ လျှပ်စစ်ဓာတ်အားဖြန့်ဖြူးရေးလုပ်ငန်းမှ ရှမ်းပြည်နယ် (တောင်ပိုင်း) တွင် အကောင်အထည်ဖော်ဆောင်ရွက်မည့် Rural Electrification Programme II (On-Gird Extension) အတွက် ဂျာမနီနိုင်ငံ KfW Development Bank ထံမှ ချေးငွေယူရို ၂၃.၈၈၃ သန်းနှင့် ထောက်ပံ့ငွေယူရို ၆.၅၃၅ သန်း အားရယူရန်အတွက် လက်မှတ်ရေးထိုးပွဲအခမ်းအနားကို နေပြည်တော်ရှိ ရုံးအမှတ် (၂၇)၊ လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန၌ ၂၀၁၇ ခုနှစ်၊ စက်တင်ဘာလ (၂၁) ရက်နေ့၊ နေ့လည် (၁:၃၀) အချိန်တွင် ကျင်းပပြုလုပ်ခဲ့ပါသည်။
အဆိုပါချေးငွေ၏ ချေးငွေဆိုင်ရာစည်းကမ်းချက်များမှာ အတိုးနှုန်း ၀.၇၅% ဖြစ်ပြီး ချေးငွေထုတ်ယူသုံးစွဲခြင်းမရှိသည့်ပမာဏပေါ်တွင် ကတိခံကြေးအဖြစ် ၀.၂၅%၊ ဆိုင်းငံ့ကာလ (၁၀) နှစ်နှင့် ပြန်ဆပ်ကာလ (၃၀) နှစ်၊ စုစုပေါင်းချေးငွေသက်တမ်း (၄၀) နှစ် ဖြစ်ပါသည်။ ချေးငွေစာချုပ်နှင့် ထောက်ပံ့ငွေစာချုပ်အား စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန၊ ငွေတိုက်ဦးစီးဌာနနှင့် ဂျာမနီနိုင်ငံ KfW Development Bank တို့အကြား ၂၁-၉-၂၀၁၇ ရက်နေ့တွင် လက်မှတ်ရေးထိုးချုပ်ဆိုခဲ့ပါသည်။
အဆိုပါ စီမံကိန်းဆောင်ရွက်ခြင်းဖြင့် ရှမ်းပြည်နယ် (တောင်ပိုင်း)၊ တောင်ကြီးခရိုင်၊ လွိုင်လင်ခရိုင်နှင့် လင်းခေးခရိုင်တို့တွင် မဟာဓါတ်အားလိုင်းစနစ်နှင့် ချိတ်ဆက်ထားပြီးဖြစ်သော လက်ရှိ ၁၁ ကေဗွီ ဓါတ်အားလိုင်းမှ (၂) မိုင်နှင့် (၅) မိုင်အတွင်း တည်ရှိသည့်ကျေးရွာများသို့ အဆင့်လိုက် ဓါတ်အားဖြန့်ဖြူးပေးနိုင်ရန် ဓါတ်အားဖြန့်ဖြူးရေးလိုင်းများ၊ ဓါတ်အားခွဲရုံနှင့် ထရန်စဖော်မာများ တိုးချဲ့တပ်ဆင်ခြင်းတို့ကို ဆောင်ရွက်မည်ဖြစ်ပါသည်။ ယင်းဒေသအတွင်း လျှပ်စစ်မီးရရှိခြင်းဖြင့် ကျေးလက်နေပြည်သူများ၏ လူနေမှုအဆင့်အတန်းမြင့်မားလာခြင်း၊ အသေးစားစက်မှုလုပ်ငန်းများ ဆောင်ရွက်လာနိုင်ခြင်းဖြင့် အလုပ်အကိုင်အခွင့်အလမ်းများရရှိပြီး ဆင်းရဲမှုလျှော့ချရေးစီမံချက်အားလည်း အထောက်အကူပြုစေသည့် အကျိုးကျေးဇူးများရရှိနိုင်မည်ဖြစ်ပါသည်။