ပြင်သစ်နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးအေဂျင်စီ (AFD) ထံမှ ချေးငွေ ယူရို ၂၅ သန်း ရယူနိုင်ရန် စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန၊ ငွေတိုက်ဦးစီးဌာနနှင့် AFD တို့အကြား ချေးငွေစာချုပ်လက်မှတ်ရေးထိုးပွဲအခမ်း အနားကျင်းပခြင်း (၂၅-၉-၂၀၁၇)
စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနက အကောင်အထည်ဖော်ဆောင်ရွက်မည့် လယ်ယာကဏ္ဍဘက်စုံဖွံ့ဖြိုးတိုးတက်ရေးစီမံကိန်း (Irrigated Agriculture Inclusive Development Project) အတွက် ပြင်သစ်နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးအေဂျင်စီ (AFD) ထံမှ ချေးငွေယူရို (၂၅) သန်း ရယူနိုင်ရန် စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန၊ ငွေတိုက်ဦးစီးဌာနနှင့် AFD တို့အကြား လက်မှတ်ရေးထိုးပွဲအခမ်းအနားကို နေပြည်တော်ရှိ ရုံးအမှတ် (၁၅)၊ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၌ ၂၀၁၇ ခုနှစ်၊ စက်တင်ဘာလ (၂၅) ရက်နေ့၊ နံနက် (၁၀:၀၀) အချိန်တွင် ကျင်းပပြုလုပ်ခဲ့ပါသည်။
အဆိုပါချေးငွေ၏ အတိုးနှုန်းမှာ EURIBOR-40 % pbs (တစ်နှစ်လျှင်) ဖြစ်ပြီး နောက်ကျအတိုးနှုန်းအဖြစ် မူလအတိုးနှုန်း+၂%၊ ဆိုင်းငံ့ကာလ (၈) နှစ်နှင့် ပြန်ဆပ်ကာလ (၁၂) နှစ်၊ စုစုပေါင်းချေးငွေသက်တမ်း (၂၀) နှစ်ဖြစ်ပါသည်။ ယင်းချေးငွေရယူရန် ချေးငွေစာချုပ်ကို စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန၊ ငွေတိုက်ဦးစီးဌာနနှင့် AFD တို့အကြား ၂၅-၉-၂၀၁၇ ရက်နေ့တွင် လက်မှတ်ရေးထိုးချုပ်ဆိုခဲ့ပါသည်။
ရေသွင်းစိုက်ပျိုးမှုဧရိယာအပါအဝင် လယ်ယာကဏ္ဍဘက်စုံဖွံ့ဖြိုးတိုးတက်ရေးစီမံကိန်းကို အပူပိုင်းဇုန်ဒေသများဖြစ်သည့် မကွေးတိုင်းဒေသကြီးနှင့် မန္တလေးတိုင်းဒေသကြီးတို့တွင် အကောင်အထည်ဖော်ဆောင်ရွက်မည်ဖြစ်ပြီး အဆိုပါစီမံကိန်း အကောင်အထည်ဖော်ခြင်းဖြင့် ဆီထွက်သီးနှံ၊ ပဲမျိုးစုံနှင့် ဟင်းသီးဟင်းရွက် စိုက်ပျိုးထုတ်လုပ်မှုဖွံ့ဖြိုးတိုးတက်ခြင်း၊ စိုက်ပျိုးရေရရှိမှုသိသာစွာတိုးတက်ခြင်း၊ ဆည်ရေသောက်ဧရိယာများ ပိုမိုတိုးတက်ခြင်းနှင့် ရေအရင်းအမြစ်ဘက်စုံစီမံခန့်ခွဲမှု စွမ်းရည်မြင့်မားခြင်းစသည့် အကျိုးကျေးဇူးများ ရရှိမည်ဖြစ်ပါသည်။