စီမံကိန်း၊ ဘဏ္ဍာရေးနှင့်စက်မှုဝန်ကြီးဌာန၊ ငွေတိုက်ဦးစီးဌာနနှင့် IMF –World Bank တို့ပူးပေါင်းကျင်းပသည့် Unified Chart of Account (UCOA) နှင့်စပ်လျဉ်းသည့် ပညာရပ်ဆိုင်ရာ ဆွေးနွေးပွဲ ကျင်းပခြင်း ( ၂၂-၁-၂၀၂၀)


မြန်မာနိုင်ငံ၏အစိုးရစာရင်းကိုင်စနစ်အရ ငွေစာရင်းခေါင်းစဉ်ခွဲခြားရာတွင် အုပ်ချုပ်ရေးပိုင်းဆိုင်ရာနှင့် စီးပွားရေးပိုင်းဆိုင်ရာအချက်အလက်များ နိုင်ငံတကာစံနှုန်းနှင့်အညီ ငွေစာရင်းခေါင်းစဉ်သတ်မှတ်ခြင်း Unified Chart of Account  (UCOA) ကို တစ်ပြေးညီဆောင်ရွက်နိုင်ရန်အတွက် ပညာရပ်ဆိုင်ရာဆွေးနွေးပွဲကို စီမံကိန်း၊ ဘဏ္ဍာရေးနှင့်စက်မှုဝန်ကြီးဌာန၊ ငွေတိုက်ဦးစီးဌာနနှင့် IMF –World Bank တို့ ပူးပေါင်း၍ ၂၀၂၀ ပြည့်နှစ် ဇန်နဝါရီလ (၂၂) ရက်နေ့တွင် နေပြည်တော်၊ Hilton Hotel ၌ ကျင်းပခဲ့ရာ ပြည်ထောင်စုဗဟိုအဖွဲ့အစည်းများနှင့် ပြည်ထောင်စုဝန်ကြီးဌာန၊အဖွဲ့အစည်းများမှ တာဝန်ရှိပုဂ္ဂိုလ် စုစုပေါင်း (၇၀) ဦး တက်ရောက်ခဲ့ပါသည်။

အဆိုပါဆွေးနွေးပွဲတွင် စီမံကိန်း၊ဘဏ္ဍာရေးနှင့်စက်မှုဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမောင်မောင်ဝင်းက အဖွင့်အမှာစကားပြောကြားခဲ့ပြီး World Bank မှ Senior Financical Management Specialist ဖြစ်သူ Ms.Bonnie Ann Sirois နှင့် IMF မှ Regional Treasury Advisor ဖြစ်သူ Mr.Suhas Joshi တို့မှ ဆွေးနွေးမည့်ခေါင်းစဉ်အား မိတ်ဆက်ရှင်းလင်းခဲ့ပါသည်။  

ထို့နောက် IMF နှင့် World Bank မှ တာဝန်ရှိပုဂ္ဂိုလ်များမှ Unified Chart of Account (UCOA)  ငွေစာရင်းခေါင်းစဉ်သတ်မှတ်ရခြင်း၏ ရည်ရွယ်ချက်၊ မြန်မာနိုင်ငံတွင် လက်တွေ့ကျင့်သုံးနေသည့်ပုံစံအပေါ် မူတည်၍ COA ပုံစံပြောင်းလဲမှုမှရရှိမည့်အကျိုးကျေးဇူးများ၊ UCOA နှင့် Financial Management Information System (FMIS) တို့အကြား ဆက်သွယ်မှုနှင့် COA အကောင်အထည်ဖော်ရန်အတွက် ရှေ့ဆက်ဆောင်ရွက်ရမည့် လုပ်ငန်းစဉ်များကို ဆွေးနွေးပြောကြားခဲ့ပြီး တက်ရောက်လာသူများ၏ မေးမြန်းချက်များအပေါ် ပြန်လည်ရှင်းလင်းဆွေးနွေးခဲ့ကြပါသည်။ ၎င်းနောက် ငွေတိုက်ဦးစီးဌာန ညွန်ကြားရေးမှူးချုပ် ဒေါ်စီစီပြုံးက နိဂုံးချုပ်အမှာစကားပြောကြားပြီး ဆွေးနွေးပွဲကို ပိတ်သိမ်းခဲ့ပါသည်။ 

Unified Chart of Account (UCOA) အကောင်အထည်ဖော်ဆောင်ရွက်ရာတွင် အစိုးရဌာန/ အဖွဲ့အစည်းများအားလုံး ပူးပေါင်းပါဝင်ဆောင်ရွက်ရန်ဖြစ်ပြီး အစိုးရစာရင်းကိုင်စနစ်ကို Unified Chart of Account (UCOA) ဖြင့် တစ်ပြေးညီ အသုံးပြုခြင်းဖြင့် အစိုးရစာရင်းအား ကျစ်လစ်စွာစုစည်း၍ အစီရင်ခံတင်ပြနိုင်မည်ဖြစ်ပြီး စာရင်းစစ်ဆေးရာတွင်လည်း ရှင်းလင်းလွယ်ကူစွာ ဆောင်ရွက်နိုင်မည်ဖြစ်ပါသည်။