ဂျပန်နိုင်ငံ၊ ဂျပန်အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးအေဂျင်စီ (JICA) ထံမှ မြန်မာနိုင်ငံ၏ ဖွံ့ဖြိးရေးစီမံကိန်း (၄) ခုအတွက် ဂျပန်ယန်း ၁၂၀.၉၁၅ ဘီလီယံ ရယူရန် နှစ်နိုင်ငံအစိုးရအကြား လဲလှယ်မှုစာချွန်လွှာ (Exchange of Notes) နှင့် ချေးငွေစာချုပ်များ လက်မှတ်ရေးထိုးပွဲ အခမ်းအနားကျင်းပခြင်း (၂၁-၁-၂၀၂၀)
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၏ ဖွံ့ဖြိုးရေးစီမံကိန်းများဖြစ်သည့် ရန်ကုန်မြို့ မိလ္လာပြွန်စနစ်ဖွံ့ဖြိုးမှုစီမံကိန်း၊ ရန်ကုန်မြို့ပြဖွံ့ဖြိုးမှုစီမံကိန်း၊ မြို့ပြဧရိယာဓါတ်အားဖြန့်ဖြူးမှု တိုးတက်ကောင်းမွန်ရေးစီမံကိန်းနှင့် ဒေသတွင်းအခြေခံအဆောက်အအုံမြှင့်တင်ခြင်းစီမံကိန်း အဆင့်-၃ များအတွက် ဂျပန်နိုင်ငံမှပေးအပ်သည့် တရားဝင်ဖွံ့ဖြိုးမှုချေးငွေ (Official Development Assistant Loan) စုစုပေါင်း ဂျပန်ယန်း ၁၂၀.၉၁၅ ဘီလီယံ ရယူရန် နှစ်နိုင်ငံအစိုးရအကြား လဲလှယ်မှုစာချွန်လွှာ (Exchange of Notes) နှင့် ချေးငွေစာချုပ်များ လက်မှတ်ရေးထိုးပွဲအခမ်းအနားကို နေပြည်တော်ရှိ စီမံကိန်း၊ ဘဏ္ဍာရေးနှင့်စက်မှုဝန်ကြီးဌာန၊ ရုံးအမှတ် (၃၄) ၌ ၂၀၂၀ ခုနှစ်၊ ဇန်နဝါရီလ (၂၁) ရက်နေ့၊ နံနက် (၁၀:၀၀) နာရီတွင် ကျင်းပပြုလုပ်ခဲ့ပါသည်။
အဆိုပါချေးငွေများအတွက် စည်းကမ်းချက်များမှာ အတိုးနှုန်း တစ်နှစ်လျှင် ၀.၀၁%၊ ဆိုင်းငံကာလ (၁၀) နှစ်နှင့် ပြန်ဆပ်ကာလ (၃၀) နှစ်၊ စုစုပေါင်းချေးငွေသက်တမ်း(၄၀) နှစ် ဖြစ်ပါ သည်။ ယင်းချေးငွေများရယူရန် လဲလှယ်မှုစာချွန်လွှာကို မြန်မာနိုင်ငံအစိုးရကိုယ်စား စီမံကိန်း၊ ဘဏ္ဍာရေးနှင့်စက်မှုဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးမောင်မောင်ဝင်းနှင့် ဂျပန်နိုင်ငံအစိုးရကိုယ်စား ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်ဆိုင်ရာ ဂျပန်နိုင်ငံသံအမတ်ကြီး မစ္စတာအီချီယိုမာရူယားမားတို့ကလည်းကောင်း၊ ချေးငွေစာချုပ်များကို စီမံကိန်း၊ ဘဏ္ဍာရေးနှင့်စက်မှုဝန်ကြီးဌာနကိုယ်စား ငွေတိုက်ဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဒေါ်စီစီပြုံးနှင့် ဂျပန်နိုင်ငံအစိုးရကိုယ်စား ဂျပန်နိုင်ငံ အပြည်အပြည်ဆိုင်ရာပူးပေါင်းဆောင်ရွက်ရေးအေဂျင်စီ မြန်မာနိုင်ငံရုံးခွဲအကြီးအကဲ မာဆာယုကိကာရာဆာဝါတို့ကလည်းကောင်း အသီးသီးလက်မှတ်ရေးထိုးခဲ့ကြပါသည်။
ရန်ကုန်မြို့အတွင်း ခေတ်မီနည်းပညာဖြင့် ရေဆိုးသယ်ဆောင်မှုစနစ်နှင့် ရေဆိုးသန့်စင်စက်ရုံ တည်ဆောက်ခြင်းဖြင့် ပြည်သူများ၏ ကျန်းမာရေးနှင့်ပတ်ဝန်းကျင်ဂေဟစနစ်ကို ပိုမိုစိတ်ချလုံခြုံမှုရရှိစေရန်၊ ရန်ကုန်မြို့ရှိ ရေနုတ်မြောင်းစနစ်အဆင့်မြှင့်တင်ခြင်းနှင့်ယာဉ်ကြော ပိတ်ဆို့သည့်နေရာများ ဖယ်ရှားခြင်းဖြင့် မြို့ပြဖွံ့ဖြိုးတိုးတက်မှုအဆင့်မြှင့်တင်နိုင်ရန်၊ ရန်ကုန်တိုင်းဒေသကြီးနှင့် မန္တလေးတိုင်းဒေသကြီးရှိ ဓါတ်အားခွဲရုံနှင့် ဆက်စပ်ဓါတ်အားလိုင်းများ အဆင့်မြှင့်တင်ခြင်းဖြင့် လျှပ်စစ်ဓာတ်အား တည်ငြိမ်ပြည့်ဝစွာ ဖြန့်ဖြူးပေးနိုင်ပြီး စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုကို အထောက်အကူဖြစ်စေရန်နှင့် တိုင်းဒေသကြီး/ပြည်နယ်များတွင် လျှပ်စစ်ဓာတ်အားအပြည့်အဝရရှိစေရန်နှင့် အခြေခံအဆောက်အအုံ (လမ်း၊ တံတား၊ လျှပ်စစ်၊ ရေ) စသည်တို့ဖွံ့ဖြိုးတိုးတက်စေရန်တို့အတွက် ချေးငွေရယူဆောင်ရွက်ခြင်းဖြစ်ပါသည်။
အဆိုပါအခမ်းအနားသို့ မြန်မာနိုင်ငံအစိုးရကိုယ်စား စီမံကိန်း၊ ဘဏ္ဍာရေးနှင့်စက်မှုဝန်ကြီးဌာနမှ ဒုတိယဝန်ကြီး ဦးမောင်မောင်ဝင်း ဦးဆောင်သော အဆင့်မြင့်အရာရှိကြီးများ၊ ချေးငွေ ရယူသော သက်ဆိုင်ရာဌာနအဖွဲ့အစည်းများမှ အဆင့်မြင့်အရာရှိကြီးများ၊ ဂျပန်နိုင်ငံအစိုးရကိုယ်စား ပြည်ထောင်စုသမ္မမြန်မာနိုင်ငံတော်ဆိုင်ရာ ဂျပန်နိုင်ငံသံအမတ်ကြီး မစ္စတာမာရူယာမာအိချိယို ဦးဆောင်သော တာဝန်ရှိပုဂ္ဂိုလ်များနှင့် ဂျပန်အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးအေဂျင်စီ မြန်မာနိုင်ငံရုံးခွဲမှ တာဝန်ရှိပုဂ္ဂိုလ်များ တက်ရောက်ခဲ့ပါသည်။