သတင်းအချက်အလက်ဗဟိုဌာနကြီး တည်ဆောက်ခြင်းစီမံကိန်း (e-Government Integrated Data Center-eGIDC) နှင့် ကိုရီးယား-မြန်မာ စက်မှုဇုန်စီမံကိန်း ပြင်ပအခြေခံအဆောက်အအုံ တည်ဆောက်ခြင်းစီမံကိန်းတို့အတွက် ကိုရီးယားနိုင်ငံ၊ EDCF မှ ချေးငွေရယူရေးဆိုင်ရာ ချေးငွေ စာချုပ်တို့အား လက်မှတ်ရေးထိုးပွဲအခမ်းအနားကျင်းပခြင်း (၃-၉-၂၀၁၉)
ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန၊ သတင်းအချက်အလက်နည်းပညာနှင့် ဆိုက်ဘာလုံခြုံရေးဦးစီးဌာနက အကောင်အထည်ဖော်ဆောင်ရွက်မည့် သတင်းအချက်အလက်ဗဟိုဌာနကြီးတည်ဆောက်ခြင်းစီမံကိန်း (e-Government Integrated Data Center-eGIDC) အတွက် ကိုရီးယားနိုင်ငံ၊ EDCF မှ ပေးအပ်သည့်ချေးငွေ အမေရိကန်ဒေါ်လာ ၉၃.၇၇၉ သန်းနှင့် ဆောက်လုပ်ရေးဝန်ကြီးဌာန၊ မြို့ပြနှင့်အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာနက အကောင်အထည်ဖော်ဆောင်ရွက်မည့် ကိုရီးယား-မြန်မာ စက်မှုဇုန်စီမံကိန်း ပြင်ပအခြေခံအဆောက်အအုံတည်ဆောက်ခြင်းစီမံကိန်းအတွက် ကိုရီးယားသမ္မတနိုင်ငံ၊ Economic Development Cooperation Fund (EDCF) ချေးငွေ အမေရိကန်ဒေါ်လာ ၆၁.၈၁၆ သန်းတို့ရယူရန် ချေးငွေစာချုပ်များကို စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာနကိုယ်စား ငွေတိုက်ဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်၊ ဒေါ်စီစီပြုံးနှင့် Export-Import Bank of Korea မှ ညွှန်ကြားရေးမှူးချုပ်ဖြစ်သူ Mr. UM, Sung Yong တို့က နေပြည်တော်ရှိ စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန၊ ရုံးအမှတ် (၂၆) ၌ ၃-၉-၂၀၁၉ ရက်နေ့တွင် လက်မှတ်ရေးထိုးခဲ့ပါသည်။
အဆိုပါချေးငွေများ၏ ချေးငွေဆိုင်ရာစည်းကမ်းချက်များမှာ ဆိုင်းငံ့ကာလ (၁၅) နှစ်၊ ပြန်ဆပ်ကာလ (၂၅) နှစ် စုစုပေါင်းချေးငွေ သက်တမ်းမှာ (၄၀) နှစ် ဖြစ်ပါသည်။ အတိုးနှုန်းမှာ တစ်နှစ်လျှင် ၀.၀၁% ဖြစ်ပြီး ဝန်ဆောင်ခအဖြစ် ၀.၁% ပေးချေရမည် ဖြစ်ပါသည်။
သတင်းအချက်အလက်ဗဟိုဌာနကြီး တည်ဆောက်ခြင်းစီမံကိန်းဆောင်ရွက်ခြင်းဖြင့် အများပြည်သူမှအရည်အသွေးမြင့်မားသော Online application များကို အချိန်မရွေး၊ နေရာမရွေးအသုံးပြုနိုင်ခြင်း၊ အစိုးရအဖွဲ့အစည်းများ၊ စီးပွားရေးလုပ်ငန်းများနှင့် ပြည်သူလူထုကြားတွင် သတင်းအချက်အလက်များ ပိုမိုများပြားလာခြင်း၊ အစိုးရလုပ်ငန်းများ၊ စီးပွားရေးလုပ်ငန်းစုများနှင့် လူမှုရေးလုပ်ငန်းဆိုင်ရာအသိအမြင်များ ပိုမိုတိုးတက်လာခြင်းနှင့် အချိန်နှင့်ကုန်ကျစရိတ်များလျှော့ချနိုင်ခြင်းစသည့် အကျိုးကျေးဇူးများ ရရှိမည်ဖြစ်ပါသည်။
KMIC စီမံကိန်းကို အကောင်အထည်ဖော်ဆောင်ရွက်ခြင်းဖြင့် ကိုရီးယားရင်းနှီးမြှုပ်နှံမှုစက်ရုံ (၂၀၀)ခန့် ဖိတ်ခေါ်နိုင်မည်ဖြစ်သဖြင့် လှည်းကူးမြို့နယ်တွင် ဒေသစီးပွားရေးဖွံ့ဖြိုးမှုအထောက်အကူဖြစ်စေခြင်း၊ အလုပ်အကိုင်အခွင့်အလမ်း (၅၀၀၀၀ မှ ၁၀၀၀၀၀) ခန့်အထိ ဖန်တီးပေးနိုင်ခြင်း၊ နိုင်ငံခြားပို့ကုန်များ တိုးမြှင့်ထုတ်လုပ်တင်ပို့နိုင်ခြင်းနှင့် စက်မှုလုပ်ငန်းများမှ အခွန်အခရငွေ တစ်နှစ်လျှင် အမေရိကန်ဒေါ်လာ ၁၀ သန်းခန့် တိုးမြှင့်ရရှိနိုင်ခြင်းတို့ကြောင့် လူမှုရေး၊ စီးပွားရေးအကျိုးအမြတ်များသော လုပ်ငန်းစီမံကိန်းဖြစ်ပါသည်။